Friday, May 21, 2021

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ သိမ်းပိုက်ပြီး မီးရှို့​ကြောင်း သိရှိရသည်။







အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို ဖြတ်သိမ်း

21.5.2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို မှတ်ပုံတင်ပယ်ဖျက်၍ ပါတီခေါင်းဆောင်များကို နိုင်ငံတော်သစ္စာဖောက်အဖြစ် အရေးယူရန် ဆောင်ရွက်နေပြီဟု စစ်ကောင်စီက အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဌ ဦးသိန်းစိုးက ထုတ်ဖော်ပြောကြားလိုက်သည်။ 


မကြာမီတွင် ၂၀၂၀ ရွေးကောက်ပွဲမဲစာရင်းများစိစစ်မှု ပြီးစီးမည်ဖြစ်ကာ ရည်ရွယ်ချက်ရှိရှိ မဲမသမာမှုလုပ်ခဲ့သည့် NLD ပါတီကို အရေးယူမည်ဖြစ်ကြောင်း နေပြည်တော်၌ ယနေ့ (မေ ၂၁) ပြုလုပ်သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 


“အဲဒီလို ဥပဒေနဲ့မညီ ကြိုတင်ကြံစည်ပြီးဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို ကျွန်တော်တို့ မှတ်ပုံတင်ဖျက်ပစ်ရပါမယ်။ ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်တွေကို နိုင်ငံတော်သစ္စာဖောက်အနေနဲ့ ကျွန်တော်တို့ အရေးယူရမယ်။ စဉ်းစားဆောင်ရွက်နေပြီဖြစ်ပါတယ်”ဟု ဦးသိန်းစိုးက ပြောသည်။


၂၀၂၀ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရစေရေးအတွက် NLD အစိုးရအဖွဲ့က မဲစာရင်းဖောင်းပွစေရန်၊ အထောက်အထားမခိုင်လုံဘဲ မဲပေးခွင့်ရစေရန်၊ ကြိုတင်မဲကို ၎င်းတို့ပါတီအတွက် အားသာချက်အဖြစ် အသုံးချရန် UEC ကို အုပ်ချုပ်ရေးဘက်မှ နည်းမျိုးစုံဖြင့် လွှမ်းမိုးချုပ်ကိုင်ရန် ကြိုတင်စီမံဆောင်ရွက်ခဲ့သည်ဟုလည်း ၎င်းက စွပ်စွဲပြောကြားခဲ့သည်။ 


“ပါတီတစ်ခုတည်းက အစိုးရအဖွဲ့နိုင်ဖို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု ဦးသိန်းစိုးက ဆိုသည်။


၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်တွင် ၃၀၆ မြို့နယ်၌ မဲစာရင်းများစိစစ်ပြီးဖြစ်သဖြင့် NLD ပါတီနှင့် တာဝန်ရှိသူများကို အရေးယူမည့်အစီအမံမှာ မကြာမီဖြစ်လာမည်ဟု ဦးသိန်းစိုးက ဆိုသော်လည်း အတိအကျကိုမူ မသိရသေးပေ။

ယနေ့တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ပါတီများကိုလည်း ၂၀၂၀ ရွေးကောက်ပွဲ၌ ကြုံတွေ့ခဲ့ရသည့် မသမာမှုဆိုင်ရာ အထောက်အထားများပေးရန် စစ်ကောင်စီ၏ UEC က တရားဝင်တောင်းခံခဲ့သည်။


၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပြီးနောက် စစ်တပ်ခေါင်းဆောင်က လက်မခံနိုင်ဟုဆိုကာ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည်။


ထို့အပြင် UEC ကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး စစ်ဥပဒေချုပ်ဟောင်းဖြစ်သူ ဦးသိန်းစိုးကို ဥက္ကဋ္ဌတာဝန်ပေးအပ်ခဲ့သည်။ ဦးသိန်းစိုးမှာ မြန်မာ့ရွေးကောက်ပွဲသမိုင်းတွင် မဲမသမာမှုများစွာရှိသည်ဟု နာမည်ကျော်ခဲ့ပြီး စစ်ယူနီဖောင်းချွတ် အရပ်သားပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ အာဏာလွှဲပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို UEC ဥက္ကဌအဖြစ် ကြီးကြပ်ဖူးသူဖြစ်သည်။


စစ်ကောင်စီလက်အောက်ခံ UEC နှင့် ယနေ့တွေ့ဆုံပွဲသို့ ပါတီပေါင်း ၆၀ တက်ရောက်ခဲ့သော်လည်း ရွေးကောက်ပွဲများတွင် တစ်နေရာပင် အနိုင်မရဖူးသည့်ပါတီအများစုဖြစ်သည်။


ပါတီကို ဖျက်သိမ်းမည်၊ တာဝန်ရှိသူများကို အရေးယူမည်ဟု UEC သတိပေးခံရသည့် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီဝင်အများစုကို အာဏာသိမ်းပြီးကတည်းက စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားကာ ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်ထားပြီးဖြစ်သည်။ 




ထိုင်းနယ်မြေထဲကို မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုအပေါ် ထိုင်းစစ်တပ်က သတိပေးစာပေးပို့သွား


ထိုင်းနယ်မြေထဲကို မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုအပေါ် ထိုင်းစစ်တပ်က သတိပေးစာပေးပို့သွားမှာဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။


မြန်မာစစ်တပ်အနေနဲ့ နောင်မှာ ထိုင်းနယ်မြေတွေထဲ တိုးချဲ့စစ်ဆင်ရေးတွေ မလုပ်ဖို့ ထိုင်း-မြန်မာနယ်စပ်ကော်မတီကတဆင့် သတိပေးစာ ပေးပို့သွားမှာဖြစ်ကြောင်း နယ်စပ်လုံခြုံရေး အတွက် တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အဖီချက် ဆူးဆက်က ပြောပါတယ်။


ဒါဟာ မနေ့က နေ့လည်ပိုင်းလောက်က မယ်ဟောင်ဆောင်ခရိုင်ထဲက ထိုင်းကျေး ရွာတရွာ ကို မြန်မာစစ်တပ်ကပစ်လိုက်တဲ့  လက်နက်ကြီးကျည်   ၃ လုံး ကျရောက်ခဲ့ အပြီးမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

21.5.2021

“နယ်စပ်ကို ကျနော်တို့ မီးခိုးဗုံးတလုံးနဲ့ ပစ်ခတ်ပြီး သူတို့ကို သတိပေးပြီးနောက် သူတို့(မြန်မာစစ်တပ်)ဘက်က ပစ်ခတ်မှု ရပ်သွားခဲ့ပါတယ်”လို့ ဒုတိယဗိုလ်ချုပ်ကြီး အဖီချက်က ပြောပါတယ်။


       ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိခိုက် ဒဏ်ရာရတာမျိုးတွေတော့ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။


မြန်မာစစ်တပ် အနေနဲ့ အဆိုပါ ကျေးရွာထဲမှာ ကရင်အမျိုးအသားအစည်းအရုံး (ကေအန်ယူ) တပ်ဖွဲ့ဝင်တွေ နယ်စပ်ဖြတ်ကျော်ထွက်ပြေးခိုလှုံနေတယ်လို့ ယုံကြည်နေတယ်လို့  စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။




မေလ ၁၂ ရက်မနက် ၅ နာရီထိုးအချိန်မှမြင်းခြံမြို့ တလုပ်မြို့ကျေးရွာကို စီးနင်းတိုက်ခိုက်ခဲ့

12.5.2021

မေလ ၁၂ ရက်မနက် ၅ နာရီထိုးအချိန်မှာ စစ်ကောင်စီရဲ့တပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ မြင်းခြံမြို့ တလုပ်မြို့ကျေးရွာကို စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။


“တစ်ရွာလုံးလူဦးရေ လေးငါးထောင်ကို ပြေးရပါတယ်ခင်ဗျ။ တစ်ရွာလုံးကိုပြေးရတာအစ်ကိုရေ။ မနေ့ညက ၁၂ နာရီထိုးလောက်က တစ်ခါပစ်တယ်။ မနက် ၂ နာရီထိုးလောက်ကတစ်ခါပစ်တယ်။ အဲဒီနောက် မနက် ၅ နာရီထိုးလောက်ကျ ရွာကို အရှေ့ဘက်ရယ်၊ တောင်ဘက်ရယ်၊ အနောက်တောင်စနေထောင့်ရယ်ကနေ ဝိုင်းညှပ်ပြီး ၉ နာရီခွဲလောက်အထိ ဆက်တိုက်မနားတမ်းပစ်တယ်။ အားလုံးပေါင်းစစ်ကား ၂၂ စီးနဲ့ အချုပ်ကား ၂ စီးပါပါတယ်။”


ကျေးရွာ ကာကွယ်ရေးခေါင်းဆောင် ဦးဝင်းက ဘီဘီစီကို ပြောပြတာဖြစ်ပါတယ်။ ကာယကံရှင်တွေရဲ့ တောင်းဆိုချက်အရ ဘီဘီစီနဲ့ ဆက်သွယ်ပြောဆိုသူအားလုံးရဲ့ နာမည်တွေ လွှဲပြောင်းဖော်ပြထားပါတယ်။




မန္တလေးတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က ပြည်သူဟန်ဆောင်ပြီး ဝင်ဖမ်း

 12.5.2021

ယနေ့ မေလ(၁၂)ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ပြည်ကြီးတံခွန်တွင်  တပ်ပေါင်းစုသပိတ်စစ်ကြောင်းအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က ပြည်သူဟန်ဆောင်ပြီး ဝင်ရောကာ လမ်းလျှောက်ပြီး လမ်းခုလတ်တွင် အရပ်ဝတ်များဖြင့် အင်အားသုံးကာ ဖြိုခွင်းဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြသည်။

လူ(၃၀)ကျော်နှင့် ဆိုင်ကယ်(၃၀)ကျော် ဖမ်းဆီး သိမ်းခံခဲ့ရကြောင်းသည်။

ဗီဒီယိုမှတ်တမ်း၌ ယခုပုံတွင် ဖော်ပြထားသူမှာ သေနတ်လွယ်ထားသည်ကို တွေ့ရသည်။ 





စ်ကောင်စီက တလုပ်မြို့ရွာကို ဝင်စီးပြီး ရွာသား ၁၀၀ ကျော်ကိုဖမ်းဆီး၂နှစ်အရွယ်ကလေးပါအဖမ်းခံရ

15.5.2021

စစ်ကောင်စီက တလုပ်မြို့ရွာကို ဝင်စီးပြီး ရွာသား ၁၀၀ ကျော်ကိုဖမ်းဆီး၂နှစ်အရွယ်ကလေးပါအဖမ်းခံရ

မြင်းခြံခရိုင် က ရွာလေးရွာ စုပေါင်းထားတဲ့ တလုပ်မြို့ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မေလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသမီး ၂၀ အပါအဝင် လူဦးရေ ၁၀၀ ကျော်ဖမ်းဆီးခံလိုက်ရပြီးအဲဒီအထဲမှာ ၂ အရွယ်ကလေးတစ်ယောက်ပါ ပါတယ်လို့ မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်ဖိုးလပြည့်က ပြောဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဘက် စစ်အင်အား ၅၀၀ ကျော်နဲ့ရွာရဲ့ ပတ်ပတ်လည်လည်ကို ဝိုင်းထားတာကြောင့် မေလ ၁၂ ရက်နေ့ မနက် ၅ နာရီဝန််းကျင် လက်နက်ကြီးတွေနဲ့ ပစ်ခက်ပြီး ကျေးရွာတွေထဲက ကတုတ်ကျင်းတွေကိုဖြို့ဖျက်ကာ စီးနှင်းဝင်ရောက်ခဲ့တာလို့ဆိုပါတယ်။ ဒေသခံတွေရဲ့ လက်လုပ်မိုင်းကြောင့် အကြမ်းဖက်စစ်ကောင်စီဖက်က ၇ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို တလုပ်မြို့ရွာက ပြည်သူ ၄ ယောက်လည်း မစိုးရိမ်ရ ဒဏ်ရာတွေရရှိခဲ့ပါတယ်။ 

အခုအကြမ်းဖက်စစ်တပ်က ဝ တလုပ်မြို့ရွာထဲက ရဲထိုင်ရွာ ၊ကုန်းပေါ်ရွာနဲ့ မြို့မ ရွာတွေကို င်ရောက်စီးနင်းနိုင်ခဲ့ပြီး မြောက်ရွာလေးလို့ခေါ်တဲ့ ရွာကိုတော့ အခုချိန်ထိ မစီးနှင်းနိုင်သေးဘူးလို့ ရဲဘော်ဖို့လပြည့်ကပြောဆိုပါတယ်။ 

တလုပ်မြို့ရွာက အဲဒီရွာလေးရွာကို ပေါင်းထားတဲ့ ရွာကြီးဖြစ်ပြီး အိမ်ခြေ ၁၅၀၀ နီးပါးရှိသလို လူဦးရေ ၁၀၀၀၀ ကျော်နေထိုင်တဲ့ရွာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျေးရွာတွေထဲက သက်ကြီးရွယ်အို အမျိုးသမီးနဲ့ ကလေးတွေကတော့‌ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။













တလုပ်မြို့ကျေးရွာနဲ့ မြင်းခြံမြို့မှာစစ်ပွဲဖြစ်နေပြီလား

11.5.2021

တလုပ်မြို့ကျေးရွာနဲ့ မြင်းခြံမြို့မှာစစ်ပွဲဖြစ်နေပြီလား

====================

ကိုသိမ်းမြတ်

ဘီဘီစီမြန်မာပိုင်း

မြင်းခြံမြို့ရဲ့မြောက်ဘက်နားက တလုပ်မြို့ကျေးရွာကို စစ်ကား ၁၉ စီး၊ စုစုပေါင်း စစ်သားအင်အား ၂၀၀ လောက်နဲ့ အခုချိန်ထိ ဝိုင်းထားပါတယ်။

တချိန်တည်းမှာပဲ မြင်းခြံမြို့ပေါ်မှာ အကြိမ် ၂၀ လောက်ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ 

စစ်သားတချို့က အရပ်ဝတ်ဝတ်၊ ဆိုင်ကယ်စီး၊ သေနတ်တွေကို ပုဆိုးနဲ့ပတ်ပြီး မြို့ထဲမှာ လှည့်လည်နေကြပါတယ်။ 

စစ်သားတွေမလာခင်ဒရုန်းတွေပျံဝဲနေ

================

မေလ ၁၀ ရက်ညကတည်းက တလုပ်မြို့ကျေးရွာမှာ စစ်ရိပ်စစ်ငွေ့သန်းနေခဲ့ပါတယ်။ ည ၉ နာရီအချိန်လောက်က ရွာပေါ်မှာ ဒရုန်းလူမဲ့လေယာဥ်ငယ် ၂ စင်း ပျံဝဲနေခဲ့ပါတယ်။ ည ၁၀ နာရီလောက်မှာ ဒုတိယအကြိမ်ပျံဝဲခဲ့ပါတယ်။ 

စစ်တပ်ကလူမဲ့လေယာဉ်ငယ်တွေကို ဧပြီလဆန်းလောက်ကတည်းက စတင်အသုံးပြုပြီး ထောက်လှမ်းရေးနဲ့ သတင်းအချက်အလက်ရယူရေးအတွက် အသုံးပြုခဲ့ပါတယ်။ မြေပြင်အနေအထား၊ ကာကွယ်ရေးအဖွဲ့တွေရဲ့အင်အားနဲ့ ကင်းစခန်းတွေကို ထောက်လှမ်းဖို့အတွက် အသုံးပြုတာ ဖြစ်နိုင်ပါတယ်။ 

ရွာသားတွေကို စိုးရိမ်ကြောက်လန့်အောင် ခြိမ်းခြောက်ဖို့အတွက် အသုံးပြုတာလည်း ဖြစ်နိုင်တယ်လို့ တလုပ်မြို့ကျေးရွာသားတဦးက ဘီဘီစီကို ပြောပါတယ်။ 

ဒီသတင်းကိုရေးသားဖို့အတွက် တလုပ်မြို့ကျေးရွာသား ၆ ဦးနဲ့ မြင်းခြံမြို့သူမြို့သား ၃ ဦးကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ကာယကံရှင်များရဲ့ တောင်းဆိုချက်အရ အမည်ရင်းတွေကို ဖုံးကွယ်ပြီး အမည်ဝှက်တွေကို ပြောင်းလဲသုံးစွဲထားပါတယ်။ 

စစ်ကားတွေလာပြီ

=======

မနက်ကတည်းက စစ်သားတွေလာတော့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေခဲ့ပေမဲ့ တကယ်တန်းစစ်ကားတွေ ရောက်လာတာက မွန်းလွဲချိန် ၁ နာရီထိုးမှပါ။ စုစုပေါင်း စစ်ကား ၁၂ စီးစတင်ရောက်လာပါတယ်။ ရောက်ရောက်ချင်း ဘာမှ မလုပ်သေးဘဲ အေးအေးဆေးဆေး နေရာယူဝိုင်းပတ်ပိတ်ဆို့နေပါတယ်။ ရွာအရှေ့ဘက်ခြမ်းကို စစ်ကား ၁၀ စီးဖြန့်ကျက်နေရာယူပြီး ရွာတောင်ဘက် တံခါးမှာတော့ စစ်ကား ၂ စီးက နေရာယူထားပါတယ်။ 

“ဘာ့ကြောင့်ရောက်လာတယ်။ ဘာလိုချင်တယ်ဆိုတာကို တခွန်းမှ မပြောဆိုဘဲ စိတ်တိုင်းကျနေရာယူပြီးတာနဲ့ ပစ်တော့တာပါပဲဗျာ” လို့ တလုပ်မြို့ရွာသားတယောက်က ဘီဘီစီကို ပြောပါတယ်။ 

ရွာအရှေ့ဘက်တံခါးပေါက်နဲ့ ရွာတောင်ဘက်တံခါးပေါက်တွေကို အဓိကထားပစ်ခတ်ပြီး အဲဒီနေရာတွေကနေ ရွာထဲဝင်ဖို့ သူတို့က ကြိုးစားပါတယ်။ 

“ရွာကလေးသေးသေးလေးကို စစ်ကား ၁၂ စီး၊ စစ်သား ၁၀၀ ကျော်လောက်နဲ့ လာပစ်တယ်ဗျာ။ ရွာထဲက လူကြီးတွေ၊ မိန်းမတွေ၊ ကလေးတွေ အကုန်ထွက်ပြေးကြရပါတယ်။ သက်ကြီးရွယ်အိုတွေကိုဆိုရင် မပြေးနိုင်မလွှားနိုင်ကြလို့ ငယ်ရွယ်သူတွေက ထမ်းပိုးပြီးပြေးကြရပါတယ်။ ကျန်တဲ့လူငယ်တွေကတော့ ကိုယ့်ရွာကိုယ် ဘတ်ခွတွေ၊ တူးမီးသေနတ်တွေနဲ့ ကာကွယ်ကြရတာပေါ့။”

တလုပ်မြို့ရွာသား ကိုကျော့မောင်မောင်က ဘီဘီစီကို ပြောပါတယ်။ ဘတ်ခွဆိုတာ လေးခွကိုမြင်းခြံနယ်မှာ ခေါ်တဲ့ အခေါ်ဖြစ်ပါတယ်။

နှစ်ဘက်စလုံးထိခိုက်မှုတွေရှိခဲ့

=============

ရွာအရှေ့ဘက်မှာ ရွာသားတွေနဲ့ စစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ်နေကြချိန်မှာပဲ ရွာတောင်ဘက်က စစ်သားတွေက ရွာတံခါးကို ဖျက်ဆီးပစ်ဖို့ ချဥ်းကပ်လာခဲ့ကြပါတယ်။ 

“ရွာတောင်ဘက်တံခါးကို ဖျက်ဆီးဖို့လာတဲ့ စစ်သားတွေကတော့ ကျွန်တော်တို့ဘက်က ထောင်ထားတဲ့ လက်လုပ်မိုင်းလက်ချက်မိပြီး ၇ ယောက်လောက်ထိသွားပါတယ်။ အဲဒီအထဲက ၂ ယောက် ဒါမှမဟုတ် ၃ ယောက်ကတော့ သေလောက်တဲ့ဒဏ်ရာတွေ ရသွားကြတယ်။” လို့ ကျေးရွာကာကွယ်ရေးခေါင်းဆောင် တယောက်ဖြစ်သူ ဦးဝင်းကပြောပါတယ်။ ကားပေါ်ပွေ့ချီပြီးတင်ခဲ့ရသူတွေကို သေလောက်တဲ့ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူလို့ ဦးဝင်းက ယူဆတာဖြစ်ပါတယ်။ 

ရွာအရှေ့ပိုင်းမှာ တိုက်ခိုက်ကြရာမှာတော့ စစ်သား ၁ ယောက်ကျဆုံးခဲ့တယ်လို့ ရွာသားအများစုက ပြောကြပါတယ်။ ရွာသား ၃ ဦးလည်း သေနတ်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။ တဦးရဲ့လက်မောင်းကို ကျည်ဖောက်ဝင်သွားပြီး၊ နောက်တဦးကို ပခုံး၊ နောက်တဦးကိုပေါင်မှာ ထိမှန်ခဲ့တယ်လို့ ကိုကျော့မောင်မောင်က ဘီဘီစီကို ပြောပါတယ်။ 

ရွာတောင်ဘက်မှာ လက်လုပ်မိုင်းပေါက်ကွဲပြီးနောက် စစ်တပ်က ရွာတံခါးကို ဘူဒိုဇာနဲ့ဆွဲပြီးဖျက်ဆီးလိုက်ပါတယ်။ ဒါပေမဲ့ ရွာသားတွေက ခုခံပစ်ခတ်ကြတဲ့အတွက် ရွာထဲကို မဝင်နိုင်ပါဘူး။

တလုတ်မြို့ကျေးရွာရဲ့ ရွာတောင်ဘက်ဝင်ပေါက်မှာ တံခါးနှစ်ချပ်ရှိပါတယ်။ မူလက ရွာတံခါးတချပ်ရှိပြီးဖြစ်ပေမဲ့ ရွာကို တိုးချဲ့လိုက်တဲ့အတွက် ရွာတံခါးအပြင်ဘက်မှာ အိမ်တွေထပ်မံဆောက်လုပ်ခဲ့ကြပါတယ်။ ရွာတံခါးအပြင်ဘက်က အိမ်တွေကို ထပ်မံခြုံငုံပြီး ဒုတိယရွာတံခါးတချပ်ကို ထပ်မံပြုလုပ်လိုက်တဲ့အတွက် ရွာတောင်ဘက်မှာ ရွာတံခါး ၂ ဆင့်ရှိပါတယ်။ ရွာတံခါး ၂ ဆင့်အကြားအိမ်တွေထဲကနေ ရွာသားတွေက ခုခံပစ်ခတ်ကြတာဖြစ်ပါတယ်။ 

ရွာအရှေ့ဘက်မှာ စစ်သား ၁ ယောက်ကျဆုံးပြီးနောက် စစ်တပ်ဟာ ဆုတ်ခွာသွားပြီး ရွာတောင်ဘက်မှာ စုပေါင်းနေရာယူလိုက်ကြပါတယ်။

မြင်းခြံမြို့ပေါ်အနှံ့အပြားမှာပေါက်ကွဲမှုတွေဖြစ်ပွား

======================

တလုပ်မြို့ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေချိန်မှာပဲ မြင်းခြံမြို့ပေါ်နေရာအနှံ့အပြားမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ ကျောက်ရုံးကြီးလို့ခေါ်တဲ့ ခရိုင်နဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေမှာပေါက်ကွဲခဲ့သလို စစ်တပ်စခန်းချရာနေရာတွေဖြစ်ကြတဲ့ မြို့လယ် ဦးချန်ထွန်းကုန်းတက်နားက အမှတ် ၄ အထက်တန်းကျောင်း၊ ကွေ့ကြီးထဲမှာရှိတဲ့ အလင်းရောင်မူလတန်းကျောင်းနဲ့ အမှတ် ၁ အထက်တန်းကျောင်းတို့မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ 

မြင်းခြံတက္ကသိုလ်၊ စွန်းလွန်းရပ်ကွက်၊ ကံဦးရပ်ကွက်နဲ့ စက်မှုဇုန်တွေမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

ဖောက်ခွဲသူကို သေသေချာချာ မသိရပေမဲ့ တလုပ်မြို့ကို စစ်တပ်ကတိုက်ခိုက်တဲ့အပေါ် မကျေနပ်လို့ အရပ်သားတွေဘက်က ဖောက်ခွဲတာဖြစ်လိမ့်မယ်လို့ မြို့ခံအများအပြားက ယူဆကြပါတယ်။ 

မြင်းခြံဇီးရိုးပြောက်ကျားဆိုတဲ့အဖွဲ့တဖွဲ့ကတော့ မြို့ပေါ်မှာ ဖောက်ခွဲမှု ၁၈ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ကြေညာပြောဆိုပါတယ်။ ဒါပေမဲ့ မြင်းခြံဇီးရိုးပြောက်ကျားအဖွဲ့ဆိုတာ ဘယ်သူဘယ်ဝါလို့ မသိရပါဘူး။ 

အရပ်ဝတ်သေနတ်ကိုင်များမြို့ပေါ်လှုပ်ရှားနေ

==================

“မြို့ပေါ်မှာ ပေါက်ကွဲသံတွေ အဆက်မပြတ်ကြားနေရတယ်။ လူတွေပိုပြီးစိုးရိမ်နေကြတာက စစ်သားတွေက အရပ်ဝတ်ဝတ်ပြီးဆိုင်ကယ်နဲ့ လျှောက်သွားနေကြတာကိုပဲ။ အရပ်ဝတ်ဝတ်ထားတဲ့အပြင် သေနတ်ကို ပုဆိုးနဲ့အုပ်ကိုင်ထားပြီး သူတို့မသင်္ကာရင် မသင်္ကာတဲ့သူကို လိုက်ပစ်နေတော့ အဲဒါကို လူတွေက ပိုစိုးရိမ်ပြီး မသွားရဲမလာရဲဖြစ်နေကြတယ်ဗျ။” လို့မြင်းခြံမြို့လယ်မှာ နေထိုင်သူ ဦးဝင်းမောင်က ဘီဘီစီကို ပြောပါတယ်။

“ညနေ ၆ နာရီကတည်းက အိမ်တိုင်းလိုလို တံခါးပိတ်ပြီး အိမ်ထဲမှာပဲနေကြတယ်။ ဘယ်သူမှအိမ့်အပြင်မထွက်ကြတော့ဘူး။ မြင်းခြံမှာစစ်ပွဲဖြစ်နေသလိုပဲ” လို့လည်း မြို့ပေါ်တနေရာမှာ နေထိုင်သူမမြတ်မြတ်က ပြောပါတယ်။ 

မြင်းခြံမှာ အရပ်ဝတ်ဝတ်၊ သေနတ်ကိုင်ပြီး ဆိုင်ကယ်နဲ့သွားလာနေကြတာဟာ တော်တော်ကြာနေပါပြီ။ အဲဒီလူတွေဟာ သေနတ်နဲ့ပစ်ခတ်ခွင့်လိုင်စင်ရထားပြီးသူတွေဖြစ်ပုံရပါတယ်။ ဒါပေမဲ့ ဘယ်လိုလူမျိုးတွေကို ပစ်ဖို့အမိန့်ပေးထားတယ်ဆိုတာ သေသေချာချာ မသိရတဲ့အတွက် မြို့သူမြို့သားတွေက စိုးရိမ်ပူပန်နေကြပါတယ်။ 

တလုပ်မြို့ကိုမီးဖြတ်ပြီးဝိုင်းထား

===============

မြင်းခြံမှာ ပေါက်ကွဲမှုတွေ အနှံ့အပြားဖြစ်နေတဲ့ကြားက တလုပ်မြို့ကို စစ်သားတွေ ထပ်ပို့ခဲ့ပါတယ်။ မြင်းခြံမြို့ပေါ်မှာ ကျန်တဲ့ စစ်သားတွေကို ထပ်မံစုဆောင်းပြီး ကားနဲ့ပို့လိုက်တာလို့ မြို့ခံတွေကဆိုပါတယ်။ ညနေပိုင်းအချိန်မှာတော့ တလုပ်မြို့မှာ စစ်ကားစုစုပေါင်း ၁၉ စီးရောက်နေပြီး စစ်သားအရေအတွက် စုစုပေါင်း အယောက် ၂၀၀ လောက်ရောက်နေတယ်လို့ တလုပ်မြို့ရွာသားတွေက ဆိုပါတယ်။ အဲဒီအယောက် ၂၀၀ ထဲမှာ ရဲတပ်ဖွဲ့ဝင်လည်း အနည်းဆုံး ၂၇ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ 

တလုပ်မြို့ကျေးရွာကိုတော့ လျှပ်စစ်မီးဖြတ်တောက်ပြီး အမှောင်ချထားပါတယ်။ စစ်တပ်ကလည်း မပြန်သေးဘဲ ရွာကို ဝိုင်းထားတဲ့အတွက် ညအချိန်မှာ အမှောင်ထုကို အခွင့်ကောင်းယူပြီး တစုံတရာတိုက်ခိုက်မှု ထပ်မံလုပ်လာမလားဆိုတာ လူအများအပြားက စိုးရိမ်ပူပန်နေကြပါတယ်။ 

မြင်းခြံမြို့ပေါ်မှာလည်း ည ၉ နာရီခွဲအချိန်အထိ ပစ်ခတ်သံတွေကြားနေရပါသေးတယ်။ မြင်းခြံမြို့ပေါ်မှာ စစ်ပွဲဖြစ်နေသလိုပဲလို့ မြို့ခံတွေက ပြောပေမဲ့ မီးမှောင်ချခံထားရတဲ့ တလုပ်မြို့မှာတော့ ထူးထူးခြားခြား ငြိမ်သက်နေပါတယ်။ ဒါပေမဲ့ မုန်တိုင်းမကျမီငြိမ်သက်ခြင်းမျိုးလို တိတ်ဆိတ်ခြောက်ခြားနေကြပါတယ်။ တောထဲမှာ၊ ယာခင်းထဲမှာ စစ်ဘေးရှောင်နေကြသူတွေရော၊ ရွာထဲမှာ တူးမီးသေနတ်နဲ့ လေးခွတွေကိုင်ထားကြသူတွေရောဟာ အိပ်မပျော်နိုင်ကြဘဲ သတိအနေအထားနဲ့ စောင့်ဆိုင်းနေကြပါတယ်။




ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...