Friday, March 5, 2021

(၅)နှစ်အတွင်း မြန်မာ့ကုန်ထုတ်လုပ်မှုအညွှန်းကိန်း အနိမ့်ဆုံးအဆင့်သို့ ဇောက်ထိုးဆင်း

ရန်ကုန်၊ မတ် - ၅

လွန်ခဲ့တဲ့ (၅) နှစ်အတွင်း မြန်မာ့ကုန်ထုတ်လုပ်မှု PMI အညွန်းကိန်းက အနိမ့်ဆုံးအဆင့်ကို ဇောက်ထိုးကျဆင်းသွားတယ်လို့ မတ်လ (၁) ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ IHS Markit ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စက်ရုံတွေ ပိတ်လာခဲ့ရပြီးနောက်ပိုင်း နိုင်ငံအတွင်းက ထုတ်လုပ်ရေးကဏ္ဍက အရှိန်ကျဆင်းမှုကို မှတ်တမ်းတင်ထားကြောင်း စစ်တမ်းက ဆိုထားပါတယ်။

IHS Markit မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ (၄၀၀)ခန့်ပါဝင်တဲ့ အဖွဲ့တစ်ခုက ထည့်ကုန်ဝယ်ယူရေးမန်နေဂျာတွေထံ ပေးပို့ခဲ့တဲ့ မေးခွန်းလွှာတွေက ရရှိတဲ့ ဖြေကြားချက်တွေကို အခြေခံပြီး ထည့်သွင်းတွက်ချက်ထားတာလည်း ဖြစ်ပါတယ်။

ထုတ်လုပ်မှု၊ အော်ဒါအသစ်တွေ၊ ပစ္စည်းဝယ်ယူမှုများ၊ ထည့်ကုန်များနဲ့ ကုန်ချောနှစ်ခုစလုံး သိုလှောင်ထားမှုတွေက ဝယ်လိုအားမရှိတော့တဲ့အတွက်ကြောင့် စံချိန်တင်နှုန်းအသစ်နဲ့ ကျဆင်းသွားတာ ဖြစ်တယ်လို့

အညွှန်းကိန်းကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။

တပ်မတော်ဘက်က ဖေဖေါ်ဝါရီလ(၁)ရက်နေ့မှာ ကြေညာခဲ့တဲ့ အရေးပေါ်အခြေအနေကြောင့် အလုပ်သမားများ မိမိတို့ နေရပ်များသို့ ပြန်သွားကြခြင်းတွေကြောင့် ပို့ဆောင်ရေး အခြေအနေတွေဟာ ပိုပြီး ခက်ခဲလာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အနာဂတ်ဆိုင်ရာအမြင်က အပေါင်းလက္ခဏာဆောင်နေပေမယ့် အကောင်းမြင်မှုအဆင့်ကတော့ ဇန်နဝါရီလရဲ့ (၁၁)လမြောက် အမြင့်ဆုံးကနေ အသင့်အတင့်ကို ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။

IHS Markit ရဲ့ စီးပွားရေးပညာရှင် Shreeya Patel က '' ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အရေးပေါ်အခြေအနေကို ကြေညာလိုက်ခြင်းက မြန်မာနိုင်ငံရဲ့ စက်မှုထုတ်လုပ်မှုကဏ္ဍ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ထပ်ဆင့်ပေးလိုက်ပြီး ဖေဖေါ်ဝါရီလ PMI အညွှန်းကိန်းက စီးပွားရေးလုပ်ငန်းများရဲ့ အခြေအနေကို စံချိန်တင်ဆိုးဝါးလာစေခဲ့ပါတယ်။ စက်ရုံများ ပိတ်နေရခြင်း၊ ပို့ဆောင်ရေး ပိတ်ဆို့ခံရမှုများနဲ့ ဝယ်လိုအား အခြေအနေမလွယ်ကူတဲ့ အကြားမှာ PMI မှာ ပါဝင်တဲ့ အစိတ်အပိုင်းသုံးခုမှာ စံချိန်တင်အနိမ့်ဆုံးနေရာကို ထိုးကျသွားတယ်'' လို့ ပြောပါတယ်။

မြန်မာ့ကုန်ထုတ်လုပ်မှုအညွှန်းကိန်းဟာ ဇန်နဝါရီလမှာ (၄၇.၈) ရှိခဲ့ပေမယ့် ဖေဖေါ်ဝါရီလမှာ (၂၇.၇)ကို ထိုးကျသွားခဲ့ပြီး တစ်လအတွင်း ကျဆင်းမှုက (၂၁.၁) ရှိခဲ့ကာ လွန်ခဲ့တဲ့ (၅) နှစ်အတွင်း အပြင်းထန်ဆုံး

ကျဆင်းမှုဖြစ်တယ်လို့ စစ်တမ်းက ဆိုပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အရေးပေါ်အခြေအနေကြောင့် စက်ရုံများရဲ့ လုပ်ငန်းများနဲ့ ဝယ်လိုအားတွေ ရပ်တန့်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီများက ဖေဖော်ဝါရီလအတွင်း ရရှိခဲ့တဲ့ အော်ဒါတွေနည်းကြောင်း အစီရင်ခံကြပြီး အချို့ကုမ္ပဏီများကတော့ ဖောက်သည်များ လုပ်ငန်း ပိတ်ခဲ့ကြကြောင်း အစီရင်ခံခဲ့ကြပါတယ်။



သတင်း - BETV Business

No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...