မြောက်ဒဂုံ ပင်လုံသပိတ်စစ်ကြောင်းမှ လူငယ်တဦး နားထင်ကျည်ထိမှန် သေဆုံး
ဧရာဝတီ၊ မတ် ၁၁၊ ၂၀၂၁
ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ပင်လုံသပိတ်စစ်ကြောင်းကို စစ်တပ်နှင့်ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် အမျိုးသား ၁ ဦး နားထင် ကျည်ထိမှန် သေဆုံးသွားခဲ့ပြီး နောက်ထပ် ၁ ဦးမှာ ဆီးခုံကို ကျည်ထိမှန်သွားခဲ့ကြောင်း သိရသည်။
"နားထင်ထိမှန်ပေါ့။ မမီတော့ဘူး။ ကျနော်တို့အသင်းက ဆရာဝန်က ပါတယ်။ ဆရာဝန်က သွားကောက်တဲ့ အချိန်မှာ dead body ဖြစ်သွားတယ်။ အခုကျတော့ ကျနော်တို့ ၄၉ နာရေးကူညီမှုအသင်းနဲ့ လွှဲပြီးတော့ သူ့အိမ်ကို ပြန်လိုက်ပို့လိုက်တယ်" ဟု ကူညီပေးနေသည့် လူမှုကူညီရေးအသင်းဝင် တဦးက ပြောသည်။
အသင်းမှ ဆရာဝန်တဦးကလည်း "ပစ်တာက ၁၀ နာရီ ၁၅ လောက်ကတည်းက။ ကျည်က တရစပ်နီးပါး ပစ်တာ။ ပထမတော့ အသံမိုင်းပဲ ထင်တာ။ နောက်ပိုင်းကျတော့ ပစ်လိုက်တဲ့အချိန်မှာ တယောက်က ဆီးခုံကို ထိသွားတာ။ အဲဒါတော့ ကျနော် မမြင်လိုက်ရဘူး။ အခု ကျနော်တို့ သယ်လာတဲ့တယောက်ကတော့ နားထင်ကို ထိတာ။ ကျနော် ရောက်တဲ့အချိန်မှာတော့ အသက်မရှူတော့ဘူး" ဟု ပြောပြသည်။
သေဆုံးသွားသူမှာ အသက် ၂၄ နှစ်အရွယ် ကိုချစ်မင်းသူဖြစ်ပြီး မြောက်ဒဂုံ ၄၉ ရပ်ကွက်မှ ဖြစ်ကြောင်း၊ ၎င်း အပစ်ခံရသည့် နေရာမှာ ဗိုလ်မင်းရောင်လမ်းမပေါ် ပင်လုံထိပ်နား၊ ၃၅ ရပ်ကွက်အပိုင်တွင် ဖြစ်ကြောင်း သိရသည်။
မြောက်ဒဂုံ လောပိတဘက်တွင်လည်း နောက်ထပ် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရထားကြောင်း သတင်းထွက်ပေါ်နေသော်လည်း ဧရာဝတီက အတည်ပြု၍ မရသေးပါ။
ဓာတ်ပုံ - ဒဂုံမြောက်ပိုင်း (ဟစ်တိုင်)
No comments:
Post a Comment