စစ်ခုံရုံးနဲ့ စစ်ဆေးစီရင်မယ့်ပြစ်မှု ၂၃ မျိုးကို စစ်ကောင်စီထုတ်ပြန်
စစ်အုပ်ချုပ်ရေး မာရှယ်လောနဲ့ စီရင်နိုင်တဲ့ပြစ်မှု ၂၀ ကျော်ကို စစ်ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။
အဲဒီပြစ်မှုတွေထဲမှာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကစလို့ သတင်းမီဒီယာဥပဒေအရ ပြစ်မှုတွေအလယ် မူးယစ်နဲ့ လက်နက်မှုတွေအဆုံး ပါဝင်ပါတယ်။
အဲဒီပြစ်မှုတွေကတော့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ အစိုးရကိုအကြည်ညိုပျက်စေမှု ၁၂၄(က)၊ တပ်မတော် သို့ တရားဥပဒေစိုးမိုးရေးအဖွဲ့ဆောင်ရွက်မှုကို နှောင့်နှေးပျက်ပြားစေခြင်း ၁၂၄ (ဂ)၊ တပ်မတော်သားများ သို့ အစိုးရအမှုထမ်းများကို ဟန့်တားနှောင့်ယှက်ခြင်း ၁၂၄ (ဃ) ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ အစိုးရဝန်ထမ်းတစ်ဦးအားပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်သို့ သွယ်ဝိုက်ဖြစ်စေ ထိတ်လန့်သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများ ဖြန့်ခြင်း ပုဒ်မ ၅၀၅ (က) ၊ မတရားအသင်းအက်ဥပဒေအရ ပြစ်မှုများ ပါဝင်ပါတယ်။
ဒါ့အပြင် လက်နက်အက်ဥပဒေအရ ပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ မူးယစ်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ အများနဲ့သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအရပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊ ပုံနှိပ်ထုတ်ဝေဥပဒေအရ ပြစ်မှုများ၊ လဝကနဲ့ ဆက်စပ်ဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရ ပြစ်မှုများ၊ ရပ်ကျေးဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများ စတဲ့ ပြစ်မှုတွေဖြစ်ပါတယ်။
မတ်လ ၁၅ ရက် မွန်းတည့် ၁၂ နာရီအထိ စစ်အုပ်ချုပ်ရေးအဖြစ် ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း ၆ ခုရှိလာပြီဖြစ်ပါတယ်။ အဲဒါတွေကတော့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တို့ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးမှာ စစ်တိုင်းမှူး ဘာတွေလုပ်နိုင်လဲ
စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်တိုင်းမှူးဟာ စစ်နယ်မြေများသတ်မှတ်ပြီး စစ်နယ်မြေမှူးတွေကို ကောင်စီရဲ့အတည်ပြုချက်နဲ့ ခန့်အပ်နိုင်ပါတယ်။ တရားစီရင်ရေးမှာလည်း တိုင်းမှူးဟာ ပြစ်မှုဆိုင်ရာမှုခင်းတွေကို တည်ဆဲဥပဒေအရ တရားရုံးတွေကဖြစ်စေ၊ စစ်ခုံရုံနဲ့ ဖြစ်စေ စစ်ဆေးနိုင်တယ်လို့ ဖော်ပြထားပြီး အကျဉ်းနည်းနဲ့ စစ်ဆေးစီရင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ချမှတ်နိုင်တဲ့ပြစ်ဒဏ်တွေကတော့ သေဒဏ်၊ နှစ်အကန့်သတ်မရှိအလုပ်နဲ့ထောင်ဒဏ်နဲ့ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားတဲ့အမြင့်ဆုံးပြစ်ဒဏ်တို့ဖြစ်ပြီး စစ်ခုံရုံးက ချမှတ်ထားတဲ့အမိန့်ဟာ အပြီးအပြတ်ဖြစ်တယ်လို့ ဖော်ပြထားပြီး သေဒဏ်ဆိုရင် ကောင်စီဥက္ကဋ္ဌ အတည်ပြုချက်လိုအပ်မယ်လို့ ဆိုပါတယ်။
No comments:
Post a Comment