စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ ကြုံနေရသောအခက်အခဲ
◼️မြန်မာနိုင်ငံသည်အာဏာသိမ်းပြီး ရက်လေးဆယ်မျှအကြာတွင် ဖွံ့ဖြိုးရန်အလားအလာ ကောင်းခဲ့သော နိုင်ငံဟူသောအဖြစ်မှ လျှောကျပြီး ယခင်ကကဲ့သို့ အထီးကျန်စနစ်ထဲသို့ ပြန်လည် ကျရောက်သွားမည့် အရိပ်အရောင်များတွေ့မြင်နေရသည်။
အထူးသဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားကြသော နိုင်ငံခြားကုမ္ပဏီများသည် အာဏာသိမ်းမှုကို အကြီးအကျယ် စိတ်ပျက်နေကြပြီး လွန်ခဲ့သော အပတ်ထဲတွင်လည်း ကိုလာကိုလာနှင့် Facebook အပါအဝင် ကုမ္ပဏီကြီး ၅၅ ခုခန့်က ဖြစ်ပျက်နေသော အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း တရားဝင်စာထုတ်ပြန်ခဲ့ကြသည်။
ယခုအခါစီးပွားရေးပိတ်ဆို့ရန် အစီအစဉ်များနိုင်ငံတကာအနှံ့တွင် တိုးမြင့်လာနေရာ မြန်မာ့စီးပွားရေးသည် လေငန်းဖန်းလျှက်ရှိပြီဖြစ်သည်။ နိုင်ငံခြားသားကုမ္ပဏီများက အခြေအနေကို ကြည့်ပြီး မြန်မာနိုင်ငံမှ ပြန်ထွက်သွားရန် စီစဉ်သူ အများအပြားပင် ရှိလာကြသည်။ စာထုတ်ပြန်ခဲ့သော ကုမ္ပဏီ ၅၅ ခုအနက်မှ သြစတြေးလျား Woodside Petroleum ရေနံကုမ္ပဏီသည် မြန်မာနိုင်ငံရှိ လုပ်ငန်းများကို လျှော့ချပြီး ၎င်း၏ ကမ်းလွန်ရေနံထုတ်လုပ်မှုလုပ်ငန်းခွင်ထဲမှ လုပ်သားများကို ပြန်လည်ခေါ်ယူနေသည်။ ထိုနည်းတူပင်ကမ္ဘာကျော် ဖက်ရှင်လုပ်ငန်းတစ်ခုဖြစ်သော H&M သည် မြန်မာနိုင်ငံမှာ တိုက်ရိုက်ပစ္စည်းသွင်းသူ ၄၅ ဉီးနှင့်ချိတ်ဆက်လုပ်ကိုင်နေသော်လည်း သယ်ယူ ပို့ဆောင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းအဆင့်ဆင့်အဆင်မပြေသောကြောင့် အော်ဒါအသစ်များ ထပ်မမှာတော့ကြောင်း ကြေညာလိုက်သည်။
မြန်မာစစ်တပ်နှင့် စီးပွားရေးပူးတွဲဆောင်ရွက်ခဲ့သော ဘီယာလုပ်ငန်းဖြစ်သည့် Kirin Holdings Co ကမူ အဝေဖန်ခံရမှုများကိုရှောင်ရှားရန် မြန်မာပြည်မှ လုပ်ငန်းများကို ရပ်ဆိုင်းလိုက်သည်မှာ ရက်အတန်ပင်ကြာပြီဖြစ်သည်။ စစ်ကောင်စီ၏ လုံခြုံရေး တပ်ဖွဲ့များက ဖိနှိပ်သောကြောင့် သေဆုံးသူဦးရေ တိုးလာလေလေ နိုင်ငံခြားကုမ္ပဏီများမြန်မာပြည်တွင် ဆက်နေရန် စိုးရိမ်မှုတိုးလာလေလေ ဖြစ်ပြီး အများစုမှာ နာမည်ပျက်မည့် ကိစ္စကို များစွာ စိုးရိမ်ကြသည်ဟု ရိုက်တာက ဆိုသည်။ ဒီအတိုင်းသာ လတွေ ချီပြီး ဖြစ်ပျက်နေမယ် ဆိုရင်တော့ ကုမ္ပဏီတွေ ပိုထွက်သွားကြလိမ့်မယ်ဟု the Center for Strategic and International Studiesမှ အရှေ့တောင်အာရှအစီအစဉ်မှ မော်ရေးဟေးဘတ်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်ရခြင်းသည် ယခုမှ မဟုတ် ၂၀၁၇ ခုနှစ်လောက် ကတည်းကပင် အဆင်မပြေမှုများ ကြီးထွားလာခဲ့သည်ဟု နိုင်ငံခြားကုမ္ပဏီများက ဆိုကြသည်။ မြန်မာနိုင်ငံသည် အာရှ၏ ဆွဲဆောင်မှုရှိသော ပွင့်သစ်စ စျေးကွက်တစ်ခုအဖြစ် ၂၀၁၁ မှ စတင်ကာ အသိအမှတ် ပြုလာကြပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း တိုးမြှင့်ရရှိခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ဝင်ရောက်မှု အမြင့်ဆုံးသို့ရောက်ရှိပြီး ၄.၇ ဘီလီယံ ဒေါ်လာအထိမြင့်မားလာခဲ့သည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ ၂၀၁၀ တွင် ဒေါ်လာသန်း ၉၀၀ သာရရှိခဲ့ရာ နိုင်ငံတကာ၏ စိတ်ဝင်စားမှုတိုးတက်လာသည်မှာထင်ရှားသည်။
သို့သော် အာဏာသိမ်းသည့် ကာလမတိုင်မီကတည်းကပင် ရင်းနှီးမြှုပ်နှံသူများအတွက် မရေရာခြင်း များကို မပြင်ဆင်ပေးနိုင်ခဲ့သေးပါ။ လျှပ်စစ်ဓာတ်အားပေးမှု ပြတ်တောက်တတ်ခြင်းနှင့် ဉပဒေကြောင်း အရ ပြဿနာများရှိနေတတ်ခြင်းများအပြင် အဆိုးဆုံးမှာ စစ်တပ်နှင့်တကွ ၎င်းတို့နှင့် ဆက်စပ်နေသူများသည် စီးပွားရေး၏ အကြီးဆုံးအစိတ်အပိုင်းကို ဖြန့်ကျက်နေရာယူနေကြမြဲဖြစ်သည်။
ယခုအာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ နိုင်ငံခြားကုမ္ပဏီများစွာသည် ဘာဆက်လုပ်ရမည်ကို ဝေဖန်ဆန်းစစ်နေကြပြီဖြစ်သည်။ အထူးသဖြင့်မြန်မာနိုင်ငံတွင် ရေရှည်ရင်းနှီးမြှုပ်နှံခဲ့ကြသော စွမ်းအင်ကုမ္ပဏီများသည် မိမိတို့အပေါ် အဖက်ဖက်မှ ဖိအားများလည်း ကျရောက်လာနိုင်သည်ကိုလည်း ထည့်တွက်နေကြသည်။ မတ်လဆန်းက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်တွင် စစ်တပ်က လက်ရှိ ထိန်းချုပ်ထားသော စစ်ကောင်စီကို ဝင်ငွေများစွာရှာပေးနိုင်သည့် မြန်မာ့ရေနံနှင့်သဘာဝဓာငွေ့လုပ်ငန်း (MOGE)ကို စီးပွားရေးပိတ်ဆို့ရန် ကုလသမဂ္ဂက ခန့်အပ်ထားသော မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးကိုယ်စားလှယ် Tom Andrews ကလည်းတိုက်တွန်းထားသည်။ ပြင်သစ်စွမ်းအင် ကုမ္ပဏီ Total သည် MOGE နှင့် ၁၉၉၂ ကတည်းက လက်တွဲခဲ့ပြီး လက်ရှိတွင် Chevron သည်လည်း ကမ်းလွန်ရေနံလုပ်ငန်းကို အတူလုပ်ကိုင်လျှက်ရှိသည်။
စီးပွားရေးပိတ်ဆို့မှုများရှိလာခဲ့လျှင် Chevron က ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့အနေနှင့် ဉပဒေလုပ်ထုံလုပ်နည်းအရ လိုက်နာစရာရှိသမျှကို လိုက်နာပါ မည်ဟု ဆိုထားပြီး Total ကမူ စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်ပြီး ဖြေကြားခဲ့ခြင်းမရှိပေ။
တယ်လီဖုန်းဆက်သွယ်ရေးနှင့် အင်တာနက်ကုမ္ပဏီများသည်လည်း အကျဉ်းအကျပ်ထဲသို့ ကျရောက်နေကြပြီး ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ရန် စစ်ကောင်စီက အမိန့်ပေးထားခြင်းကို မလွန်ဆန်နိုင်ကြဘဲ အသစ်ပြဌာန်းသော ဉပဒေများက လူ့အခွင့်အရေးကို ခြိမ်းခြောက်နေသည်ဖြစ်များ ခက်ခဲသော အခြေအနေနှင့်ရင်ဆိုင်နေရသည်။
နော်ဝေမှ တယ်လီနော ကုမ္ပဏီကမူ စစ်အုပ်ချုပ်ရေး အောက်တွင် ဉပဒေများကို ပြင်ဆင်လိုက်ခြင်းကြောင့် စစ်တပ်၏ အာဏာသက်ရောက်မှု ပိုများလာပြီး ပြည်သူတို့၏ လွတ်လပ်ခွင့်များကိုထိပါးလာသည်ဟု ပြောဆိုလိုက်ပြီး ဉပဒေများကို ပြန်လည် ပြင်ဆင်ပေးသင့်သည်ကိုပြောဆိုထားသည်။ မြန်မာနိုင်ငံက ရင်ဆိုင်နေရသော အခက်အခဲများကို မြန်မာနိုင်ငံတွင်ရှိနေသော နိုင်ငံခြားကုမ္ပဏီများအနေနှင့် မှန်ကန်စွာတုံ့ပြန်နိုင်ရန် များစွာ အရေးကြီးလှသည့်အချိန်ဖြစ်သည်။
မြန်မာနိုင်ငံသို့ ၂၀၁၉ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အဖွဲ့ဝင်အဖြစ်လာရောက်ခဲ့သော သြစတြေးလျားမှ လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူ Chris Sidoti ကမူ နိုင်ငံခြားကုမ္ပဏီများအနေနှင့် မြန်မာအစိုးရ၏ တရားဝင်မှုကိုအထောက်အကူဖြစ်စေမည့် လုပ်ငန်းမှန်လျှင်မည်သည့်လုပ်ငန်းမျိုးကိုမှ မလုပ်သင့်ကြောင်း ပြောကြားလိုက်သည်။
#RISE_News
ဓာတ်ပုံ - Dawei Watch
No comments:
Post a Comment