“မြန်မာစစ်တပ်ကိုအရေးမယူဘဲ ဘယ်လောက်လွှတ်ပေးထားဦးမှာလဲလို့ လုံခြုံရေးကောင်စီမှာ တင်ပြ”
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရန်နာ ဘာဂနာက အကြမ်းဖက်မှုတွေရပ်ဖို့နဲ့ ဒီမိုကရေစီကိုအသက်ပြန်သွင်းဖို့အတွက် လုံခြုံရေးကောင်စီအနေနဲ့ ကိုင်တွယ်ပေးဖို့ ဒီကနေ့သောကြာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
“နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်အပေါ် ထောက်ခံအားပေးဖို့၊ မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာရပ်ဖို့၊ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ သတိပြုမိလာအောင်ကို လုံခြုံရေးကောင်စီဟာ ဆုံးဖြတ်ချက်ပြတ်သားပြီး ရှေ့နောက်ညီညွတ်တယ်ဆိုတာ အရေးကြီးပါတယ်”လို့ အဖွဲ့ဝင် ၁၅နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။
“ဒီကိစ္စဟာ စုစုစည်းစည်းနဲ့ကိုင်တွယ်ဖို့ အရေးပေါ်အခြေအနေဖြစ်ပါတယ်။
မြန်မာစစ်တပ်ကို အပြစ်ပေးအရေးမယူဘဲ ကျမတို့ဒီထက်ပိုပြီး ဘယ်လောက်လွှတ်ပေးထားဦးမှာလဲ”လို့ ခရစ္စတင်း ဘာဂနာက လုံခြုံရေးကောင်စီမှာ တင်ပြခဲ့ပြီး မြန်မာပြည်သူတွေ ကုလသမဂ္ဂအပေါ် ပုံထားခဲ့တဲ့ မျှော်လင့်ချက်တွေ မှန်သမျှ ကျဆင်းလာနေပြီလို့လည်း ထည့်ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အာဏာသိမ်းမြန်မာစစ်တပ်ကို အစိုးရအဖြစ် လုံးဝအသိအမှတ်မပြုဖို့၊ တရားဝင်မှုမပေးဖို့ကိုပါ ထပ်ပြီးသတိပေးလိုက်ပြီး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အပြည့်အဝထောက်ခံဖို့ကိုပါ တိုက်တွန်းခဲ့ပါတယ်။
မြန်မာပြည်ရဲ့လက်ရှိအနေအထားဟာ “ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးဆီ” ဦးတည်သွားနေပြီလို့လည်း တပ်လှန့်ခဲ့ပါတယ်။ “စစ်တပ်ရဲ့အာဏာသိမ်းမှုဟာ လုပ်သားထု၊ ရင်းနှီးမြှုပ်နှံမှု၊ တည်ငြိမ်မှု၊ ကြိုတင်မျှော်မှန်းနိုင်မှု၊ ချိတ်ဆက်မှုနဲ့ လုံခြုံမှုတွေအားလုံးကို ဆိုးရွားသွားစေခဲ့ပါတယ်။ မြန်မာ့စီးပွါးရေးဟာ သွေးဆိပ်တက်နေတဲ့အနေအထားမျိုးကို မျက်မြင်တွေ့နေရပါပြီ”လို့ အထူးကိုယ်စားလှယ်က တင်ပြခဲ့ပါတယ်။
No comments:
Post a Comment