Thursday, March 18, 2021

ရန်ကုန်မှ ရခိုင်အလုပ်သမား ၅၀၀ ခန့်ကို တစ်ပတ်အတွင်းနေရပ်သို့ အခမဲ့ပြန်ပို့မည်

 ရန်ကုန်မှ ရခိုင်အလုပ်သမား ၅၀၀ ခန့်ကို တစ်ပတ်အတွင်းနေရပ်သို့ အခမဲ့ပြန်ပို့မည် 

ဇွဲဓန(ကိန်းသာမြေ)

နိရဉ္စရာ၊ မတ်လ ၁၈ / ၂၀၂၁

ရန်ကုန်တွင် အလုပ် လုပ်ကိုင်နေသည့်  ရခိုင်အလုပ်သမား ၅၀၀ ခန့်ကို ယခုအပတ်အတွင်း ရခိုင်သဟာယအသင်းက လူစီးကား (၁၀) စီးဖြင့်  အခမဲ့ ကူညီပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

ယခုပြန်ကြမည့်သူအများစုမှာ လှိုင်သာယာမြို့နယ် နှင့် ရွှေပြည်သာမြို့နယ်ရှိ  စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်ကြောင်း၊ နေရပ်သို့ ပြန်ရန် အခက်ခဲဖြစ်နေသဖြင့် ရခိုင်သဟာယ အသင်း၏ အစီအစဉ်ဖြင့်  ကူညီပို့ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်သဟာယအသင်း အထွေထွေ အတွင်းရေးမှူး ဦးကိုကျော်မောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ပို့ဆောင်မှာက Express ကားကြီး ၁၀ စီးလောက် ခန့်မှန်းထားတယ်။ ကားတစ်စီးမှာ ၄၅ ယောက် ဆံ့တယ်။ စုပေါင်း ဦးရေ ၅၀၀ ခန့်လောက်ကို ပို့ဆောင်သွားမှာ ဖြစ်တယ်။ ဒီတစ်ပတ်အတွင်းမှာ ပို့ပေးမှာဖြစ်တယ်” ဟု ပြောသည်။ 

ရန်ကုန်မြို့တွင် စက်ရုံ အလုပ်ရုံများပိတ်သွားပြီ ဖြစ်သဖြင့် ရခိုင် အလုပ်သမားများမှာ အလုပ်အကိုင်မဲ့ဖြစ်ကာ အခက်အခဲ ဖြစ်နေကြကြောင်း၊ အထူးသဖြင့် အမျိုးသမီးငယ်များ အခက်အခဲအများအပြားနှင့် ကြုံတွေ့နေရသည်ဟု ၎င်းက ပြောသည်။

“ သူတို့တွေက အခု ရန်ကုန်မှာ အခက်ခဲတွေနဲ့ ကြုံနေရတယ်။  စက်ရုံတွေကလည်း အခုက ပိတ်ထားရတယ်။ အဲဒါကြောင့် သူတို့တွေက ဒုက္ခရောက်နေကြတာဖြစ်တယ်။   ပြီးတော့ ဆန္ဒပြနေကြတာလည်း နေ့တိုင်း ပြနေကြတာပေါ့။ ရခိုင်ကို ပြန်မယ့်လူတွေကို ကျနော်တို့ အသင်းက  အခမဲ့ ကူညီပေးနေတာပါ” ဟု ပြောသည်။

ရွေ့ပြောင်း ရခိုင်အလုပ်သမားများသည် နေထိုင်စားသောက်ရေးနှင့်  ရခိုင်ပြည်နယ်သို့ ပြန်ရန်အခက်ခဲဖြစ်နေကြောင်း၊ ၄င်းတို့အား  နေရပ်သို့ပြန်နိုင်ရန် ကူညီပို့ဆောင်သွားမည်ဖြစ်ကြောင်း  ရခိုင်သဟာယ အသင်းက ပညာရေးကော်မတီ အတွင်းရေးမှူး ဦးထွန်းဝင်းက ပြောသည်။

“ ပထမဆုံး ဦးစားပေးကတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ လူတွေ ဖြစ်တယ်။ ပြီးတော့ စက်ရုံတွေပိတ်ထားပြီး အလုပ်မဆင်းရပဲ နေထိုင် စားသောက်ရေးအတွက် ဒုက္ခရောက်နေတဲ့ လူတွေပေါ့။ အဲဒီလူတွေကို ဦးစားပေးအနေနဲ့ ကူညီပို့ဆောင်သွားမှာဖြစ်တယ်။  ရခိုင်ကို ပြန်ချင်တဲ့ လူတွေကို အကုန်လုံး ကူညီပို့ပေးသွားမှာ ဖြစ်တယ်။  သူတို့တွေ ပြောတာက အလုပ်လည်း မဆင်းရဘူး။ သေနတ်သံ တွေလည်း နေ့တိုင်း ကြားနေရတယ်လို့ အဲသလို ပြောတယ်။ ပြီးတော့ သူတို့တွေမှာ အလုပ် မဆင်းရဆိုတော့ အဆောင်ဖိုးခ ပေးမဲ့ငွေကြေး အခက်ခဲတွေ ရှိတယ်လို့ ပြောကြတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကျင့်သုံးမည်ဟု ကြေညာပြီးနောက် အခြေအနေစိုးရိမ်စရာဖြစ်လာသဖြင့် ၎င်းမြို့နယ်များမှ အလုပ်သမားများ ၎င်းတို့၏ နေရပ်များသို့ ပြန်သွားနေကြခြင်း ဖြစ်သည်။

ရခိုင်သို့ ပြန်ကြသူ အများစု အလုပ်သမားများမှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ တောင်ကုတ်၊ သံတွဲ၊ ပုဏ္ဏားကျွန်းနှင့် ဘူးသီးတောင်တို့မှ ဖြစ်ပြီး တစ်ခြားမြို့နယ်များမှလည်း အနည်းငယ်စီ ပါဝင်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တွင် ဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေရာမှ စားဝတ်နေရေး အခက်ခဲ ကျရောက် လာသဖြင့် ရခိုင်ရွေ့ပြောင်းအလုပ်သမား ၁၅၀၀ ခန့်သည် ယခုလ ပထမအပတ်က ရန်ကုန်မှ ရခိုင်သို့ ပြန်သွားကြသည်ဟု သိရသည်။



-------------------- 

No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...