မြန်မာစစ်တပ်နှင့် ဆက်ဆံရေးခိုင်မာအောင် ဆောင်ရွက်နေဟု ရုရှားပြောဆို
-----------------------------------------------
(၂၆-၃-၂၀၂၁)
ရုရှားနိုင်ငံက မြန်မာစစ်ဖက်နှင့် ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်ချင်ပါတယ်လို့ ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး Alexander Fomin ကပြောလိုက်ပါတယ်။
ဒီဝန်ကြီးဟာ ဒီနေ့ (တပ်မတော်နေ့မတိုင်မီ တရက်အလို) နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီးတဲ့နောက် အခုလိုပြောခဲ့တာဖြစ်တယ်လို့ ရုရှားနိုင်ငံပိုင်သတင်းဌာန TASS က ဖေါ်ပြပါတယ်။
ဒါဟာ အာဏာသိမ်း မြန်မာစစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသူ ၃၀၀ ကျော်ကို ရက်စက်စွာ ပစ်သတ်ခဲ့လို့ တနိုင်ငံလုံး ဆန္ဒပြနေချိန်၊ အနောက်နိုင်ငံတွေက အပြင်းအထန်ဝေဖန်နေချိန်မှာ ရုရှားဖက်က အခုခရီးစဉ်နဲ့ ထူးခြားတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရုရှားက ထုတ်ပြန်တဲ့ ဗီဒီယို မှတ်တမ်းအရ ဒုတိယ ကာကွယ်ရေးဝန်ကြီး Fomin ဟာ မြန်မာအာဏာသိမ်းဗိုလ်ချုပ် မင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်နေတာတွေ့ရပါတယ်။
-မနှစ်က မော်စကိုမှာကျင်းပတဲ့ ၇၅ ကြိမ်မြောက် (ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း) မျိုးချစ်စစ်ပွဲအနိုင်ရခြင်း စစ်ရေးပြ အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်တာကို ကာကွယ်ရေးဝန်ကြီးက ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ ရုရှားသတင်းဌာနက ဖေါ်ပြပါတယ်။
ရုှရားရဲ့ အခုခရီးစဉ်ဟာ တပ်မတော်နေ့ ကျင်းပဖို့ တရက်အလို၊ အာဏာသိမ်းစစ်ကောင်စီရဲ့သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ရှုတ်ချနေစဉ်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရုရှားနဲ့ မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေပြီး မြန်မာစစ်ဗိုလ်တွေကို ရုရှားတက္ကသိုလ်မှာ ပညာသင်ခွင့်ပေးတာ၊ မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးတာတွေ ဆယ်စုနှစ်နဲ့ချီ ရှိနေခဲ့တာဖြစ်ပါတယ်။
လက်ရှိ မြန်မာစစ်တပ်က အသုံးပြုနေတဲ့ လက်နက် ၁၆ % ဟာ ရုရှားကလက်နက်တွေ ဖြစ်တယ်လို့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာနက သတင်းထုတ်ပြန် ထားပါတယ်။
Source: Reuters/BNN
No comments:
Post a Comment