ဒေါက်တာဆာဆာကို နိုင်ငံတော်သစ္စာဖောက်လို့ စစ်ကောင်စီစွပ်စွဲ
~~~~
■ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ( CRPH)က ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုထားကြောင်း မတ်လ ၁၆ ရက် ဒီကနေ့ စစ်တပ်ပိုင် မြဝတီသတင်းက ကြေညာသွားပါတယ်။
စစ်အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှုမှာ အစိုးရဝန်ထမ်းတွေပါဝင်လာအောင် ဒေါက်တာဆာဆာက လှုံဆော်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။
ဒေါက်တာ ဆာဆာဟာ လက်ရှိပြည်ပမှာ နေထိုင်ပြီးတော့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ကမ္ဘာသိအောင် ပြောဆိုနေသလို နိုင်ငံတကာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေသုူတွေလည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်တဲ့ နိုင်ငံခြားရောက်နေသူတွေကို နိုင်ငံတော်သစ္စာဖောက်လို့ ကြေညာနေတာပါ။ ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ဦးကျော်မိုးထွန်းကိုလည်း စစ်အာဏာရှင် ဆန့်ကျင်နေလို့ နိုင်ငံတော်သစ္စာဖောက်လို့ ကြေညာခံထားရပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ( CRPH)ကတော့ အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အုပ်စုလို့ ကြေညာထားပါတယ်။
စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အမိန့်တွေမှန်သမျှ မလိုက်နာကြဖို့လည်း CRPH က ပြည်သူတွေကို အသိပေး ပြောဆိုထားပါတယ်။
----------
No comments:
Post a Comment