စစ်ကောင်စီကို နိုင်ငံတကာတရားစွဲဆိုမှုများ ပြုလုပ်ရန် ဥပဒေအကြံပေးကုမ္ပဏီ Volterra Fietta ကိုဌားရမ်းပြီး
------------------------------
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ မြန်မာပြည်သူပြည်သားများနှင့် ၄င်းတို့၏ တရားဝင် ရွေးချယ်တင်မြှောက်ထားသော ဒီမိုကရေစီခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအား ဖွဲ့စည်းမှုအခြေခံ ဉပဒေနှင့် မညီညွတ်သော အာဏာသိမ်းမှု၊ အကြမ်းဖက် လက်နက်ကိုင်၍ ဖမ်းဆီးမှုများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူ ပြည်သူများအား ဖြိုခွင်း သတ်ဖြတ်မှုများကို လုပ်ဆောင်နေသည့် စစ်အစိုးရအား နိုင်ငံတကာဉပဒေဆိုင်ရာ တရားစွဲဆိုမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံသည် CRPH မှတစ်ဆင့် နိုင်ငံတကာ ဉပဒေအကြံပေးကုမ္ပဏီ Volterra Fietta (https://www.volterrafietta.com/) ကို တရားဝင်ဆက်သွယ် ဌားရမ်းမှု ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ကြေညာလိုက်ရပါသည်။
ထိုသို့သော နိုင်ငံတကာဉပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် အချိန်ယူ၍ လုပ်ဆောင်ရမည်ဖြစ်သော်လည်း စစ်သားများ၊ ရဲများနှင့် လူ့အခွင့်အရေးချိုးဖောက်သော အကြမ်း ဖက်သူများအားလုံးကို တရားစွဲဆိုနိုင်ရန်အတွက် အင်တိုက်အားတိုက်၊ မမှိတ်မသုန် ဆက်လက်လုပ်ဆောင် သွားပါမည်။ ထိုသို့သော တရားစွဲဆိုမှုများတွင် အသုံးပြုရန်အတွက် သက်သေအထောက်အထားများစွာကို လည်း စုဆောင်းလျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ ဉပဒေရေးရာအဖွဲ့သည် နိုင်ငံတကာဉပဒေပညာရှင်များထဲတွင် ကမ္ဘာ့ လူအများလေးစားခံရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် Robert Volterra နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့်ပတ်သတ်သည့် ပညာရှင် Álvaro Nistal တို့မှ ဦးဆောင်သွားမည် ဖြစ်ပါသည်။
Volterra Fietta သည် မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းမှုများကို ကမ္ဘာ့အကျွမ်းကျင်ဆုံး နိုင်ငံတကာဉပဒေကျွမ်းကျင် သူများအဖွဲ့ကို အသုံးပြု၍ အားပေးကူညီသွားမည် ဖြစ်သည်။ ၄င်းတို့သည် နိုင်ငံတကာတရားရုံး၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးနှင့် အခြာအပြည်ပြည်ဆိုင်ရာ တရားရုံးများနှင့် ခုံရုံးများ၏ ရှေ့မှောက်၌ နိုင်ငံအသီးသီးနှင့် ပြည်နယ်များအား အကြံပေးခြင်းနှင့် ကိုယ်စားပြု ခြင်းများ ပြုလုပ်ပါသည်။
ဤတရားစွဲဆိုမှု၏ ကိစ္စအဝဝကို ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ပြည်တွင်းရှိ မြန်မာနိုင်ငံသား များနှင့် အတူလက်တွဲကူညီ ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
No comments:
Post a Comment