လန်ဒန် မြန်မာသံရုံးကို စစ်သံမှူးနှင့် အဖွဲ့က သိမ်းပိုက်ထားဟု ဆို
---အကုန်သိ သတင်းဌာန---
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာသံရုံးကို ဗုဒ္ဓဟူးနေ့မှာ စစ်ကောင်စီ သစ္စာခံအဖွဲ့က စီးနင်းသိမ်းပိုက်ထားပြီး ၎င်းကို သံရုံးအတွင်း ဝင်ခွင့်မပေးတော့ကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းက ပြောဆိုပါတယ်။
သံအမတ်ကြီး သံရုံးအတွင်း ဝင်ခွင့်မရတော့ကြောင်း သတင်းတွေထွက်ပေါ်လာပြီးနောက် လန်ဒန်ရှိ မြန်မာနိုင်ငံသားတွေဟာ ဦးကျော်စွာမင်းရှိနေတဲ့ သံရုံးပြင်ပမှာ စုရုံးရောက်ရှိနေတယ်လို့သိရပါတယ်။ သံရုံးအတွင်းမှာ ဘယ်သူတွေရှိနေသလဲဆိုတဲ့ အမေးကိုတော့ စစ်သံမှူးနဲ့အဖွဲ့ဖြစ်ကြောင်းနဲ့ သူတို့တွေက မိမိသံရုံးကို သိမ်းပိုက်လိုက်တာဖြစ်ကြောင်း ဦးကျော်စွာမင်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။
သံရုံးပြင်ပမှာ သူ တစ်ညလုံးနေရမှာဖြစ်ကြောင်းနဲ့ဒီသံရုံးဟာ မိမိလုပ်ပိုင်ခွင့်ရှိတဲ့ အဆောက်အဦဖြစ်နေသေးကြောင်း သံအမတ်ကြီးက AFP သတင်းဌာနကို ပြောဆိုပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သံတမန်ရေးနည်းလမ်းနဲ့သာ တုံ့ပြန်ဖြေရှင်းရမှာဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်ဘ်က တွစ်တာမှာ ပြောဆိုခဲ့တယ်လို့လည်း ဦးကျော်စွာမင်းက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အာဏာသိမ်းဖြစ်စဉ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ထားခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးရုံးကတော့ လန်ဒန်မြန်မာသံရုံး အဖြစ်အပျက် ပေါ်ပေါက်ခဲ့ပြီးနောက် နောက်ထပ်သတင်းအချက်အလက်တွေ ရဖို့ကြိုးစားနေကြောင်း ပြောဆိုပါတယ်။
သူသံရုံးအပြင်ထွက်ချိန်မှာ စစ်သံမှူးအဖွဲ့က သံရုံးအတွင်း စီးနင်းဝင်ရောက်ကာ သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဦးကျော်စွာမင်းက Daily Telegraph ကို ပြောဆိုပါတယ်။ နေပြည်တော်ကနေ ညွှန်ကြားချက်ရတယ်လို့ သူတို့ကပြောဆိုကြောင်း ဒါကြောင့် မိမိကို ဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့ သူတို့က ပြောဆိုကြောင်းနဲ့ အခုဖြစ်စဉ်ကို ဗြိတိန်အစိုးရက ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုထားကြောင်း ဦးကျော်စွာမင်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။ CNA
No comments:
Post a Comment