Wednesday, April 7, 2021

စစ်ကောင်စီလက်ထက် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့သော အချက်(၁၁)ချက်

စစ်ကောင်စီလက်ထက် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့သော အချက်(၁၁)ချက် 

သရ၀ဏ်(ပြည်)

၁.၂.၂၀၂၁ မှာ နိုင်ငံတော်အာဏာကိုရယူခဲ့တဲ့ စစ်ကောင်စီဟာ မျှော်မှန်းထားသလို အရာရာ ချောမွေ့ခဲ့မယ်လို့ထင်ခဲ့ပေမယ့် အောက်ပါအချက်တွေမှာတော့ ထင်တိုင်းမပေါက်ခဲ့တာ သတိပြုမိပါတယ်။

(၁)လမ်းပေါ်ထွက်ဆန္ဒပြမှုများ 

၁၉၅၈ ဦးနုလက်ထဲကနေ တပ်မတော်က အိမ်စောင့်အစိုးရအဖြစ်တာ၀န်ယူစဉ်ကရော ၊ ၁၉၆၂ မှာ ၀န်ကြီးချုပ်ဦးနုရဲ့ရွေးကောက်ခံအရပ်သားအစိုးရလက်ထဲကနေ ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ တပ်က အာဏာသိမ်းတုန်းကရော ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒပြတာ အင်မတန်နည်းပါးခဲ့ပါတယ် ။ တက္ကသိုလ်ကျောင်းသားတွေ လောက်ပဲ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ် ။ ၁၉၈၈ စစ်အာဏာသိမ်းတုန်းကလည်း ဆန္ဒပြပွဲတွေ ဟာ အရှိန်ကောင်းနေရာက လေးငါးရက်လောက်အတွင်းမှာပဲ ငြိမ်ကျသွားအောင် ပစ်ခတ် နှိမ်နှင်းနိုင်ခဲ့ပါတယ် ။ဒါ့ကြောင့်ဒီတစ်ကြိမ် မှာလည်း ပြည်သူလူထုဘက်က ဘာမှမတုန့်ပြန်ပဲ ငြိမ်ခံကြလိမ့်မယ်လို့ အာဏာသိမ်းအုပ်စု ဘက်က တွက်ခဲ့ကြတာပါ ။ အဲဒိအထင်ဟာမှားကြောင်း အာဏာသိမ်းပြီး ၂ လ နဲ့ ၇ ရက်ကြာတဲ့ ဒီနေ့အထိ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေ မြန်မာတစ်နိုင်ငံလုံးအနှံ့ရှိနေကြတာ ကသက်သေပါပဲ ။ 

(၂) Gen Z 

Generation Z လို့ခေါ်တဲ့ ၂၁ ရာစု လူငယ်မျိုးဆက် တွေရဲ့ အင်အားကို တပ်ဘက်ကလျှော့တွက်ခဲ့ပုံရပါတယ် ။ ဒါမှမဟုတ် လုံး၀ကိုထည့်တွက်ခဲ့ဟန်မတူပါဘူး ။ဒါ့ကြောင့် ကိုမင်းကိုနိုင် ၊ ကိုမြအေး၊ ကိုဂျင်မီ စတဲ့ ၈၈ မျိုးဆက် နိုင်ငံရေး သမားတွေ ၊ စာရေးဆရာတွေ ၊ ဖော်လိုဝါများတဲ့ အွန်လိုင်းဆယ်လီတွေ ၊ NLD ခေါင်းဆောင်တွေ ကိုပဲ အာဏာသိမ်းတဲ့ မနက်က သည်းကြီးမည်းကြီး ဖမ်းဆီးခဲ့တာပါ ။ အဲဒိလူတွေကိုဖမ်းချုပ်လိုက်ရင် အရေးအခင်းမှာ ဦးဆောင်သူမရှိတော့တဲ့အတွက် အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှား မှုတွေ ဖြစ်မလာနိုင်ဘူးလို့ တပ်ဘက်ကတွက်ကိန်းချခဲ့တာဟာ G Z တွေ ဦးဆောင်ပြီးအုံနဲ့့ကျင်းနဲ့လမ်းပေါ်ထွက်လာချိန်မှာတော့ အမှားကြီး မှားခဲ့ပါတယ် ။

(၃) နည်းပညာခေတ်နဲ့ ၁၉၈၈ ကွာခြားမှု 

၁၉၈၈ အရေးတော်ပုံတုန်းက လူတွေလက်ထဲမှာ ကင်မရာတွေ မရှိပါဘူး ၊ ကမ္ဘာကို တင်ပြနိုင်တဲ့ ဖေ့စ်ဘွတ် ၊ အီးမေးလ် ၊ You Tube , Instragram , Twitter စတဲ့ ဆိုရှယ်မီဒီယာတွေမရှိပါဘူး။ အခု ၂၀၂၁ မှာတော့ ပြည်သူလူထု အားလုံးမှာ ဟန်းဖုန်းတွေရှိပြီး မြန်မာပြည်မှာဘာတွေဖြစ်နေတယ်ဆိုတာ တကမ္ဘာလုံးကမိနစ်မဆိုင်း တွေ့မြင်နိုင်ကြပါတယ် ။ အိုင်တီခေတ်မှာ နိုင်ငံတကာသတင်းထောက်တွေကို ပြည်၀င်ခွင့်ပိတ်ပင်ထားလည်း လူတိုင်းဟာသတင်းထောက်တွေပါပဲ ။ သတင်းထောက်တွေကိုဖမ်းဆီး ထောင်ချ ၊ သတင်းရုံးခန်းတွေကို၀င်စီး ခဲ့ပေမယ့် လူတွေတင်တဲ့သတင်းစီးဆင်းမှုဟာရပ်တန့်မသွာခဲ့ပါဘူး ။မြ၀တီနဲ့ MRTV မှာ ပဲသတင်း သိရတဲ့ခေတ်ကကုန်သွားတာကြာပါပြီ။

(၄)  CDM 

အာဏာသိမ်း စစ်ကောင်စီ မျှော်လင့်မထားခဲ့ဆုံးအချက်ကတော့ CDM လို့ခေါ်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု ( Civil Disobedient Movement )ပါပဲ ။ ဒီ CDM ဟာ စစ်ကောင်စီကို အတော်ကြီးအထိနာစေခဲ့ပါတယ် ။ အာဏာသိမ်းပြီး နှစ်လကျော်ကြာတဲ့အထိ အစိုးရယန္တယား မလည်ပတ်နိုင်တာ CDM ကြောင့်ပါပဲ ။ ၁၉၈၈ တုန်းက လမ်းပေါ်ထွက်ဆနပြကြပေမယ့် စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အားလုံးရုံးပြန်တက်ပြီး ၀န်ထမ်းအားလုံး အလုပ်လုပ်ခဲ့ကြပါတယ် ။၂၀၂၁ မှာတော့ ၀န်ထမ်းတွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ မျှော်လင့်မထားသော အကြီးမားဆုံး ထိုးနှက်မှုကြီးဖြစ်ခဲ့ပါတယ် ။ 

(၅) ဒေါ်လာ (၂)သန်းတန်လော်ဘီငှားရမ်းမှု 

စစ်အစိုးရဟာ နိုင်ငံတကာ မျက်နှာစာမှု နာမည်ကောင်းရဖို့ရယ် ၊ ဘာကြောင့် အာဏာသိမ်းရတယ် ၊ NLD ကရွေးကောက်ပွဲမှာ ဘယ်လို မဲလိမ်မဲခိုးခဲ့တယ် ဆိုတာရယ် ၊ ရိုဟင်ဂျာ ဒုကသည်တွေကို ပြန်ခေါ်မယ်ဆိုတာ အစ္စလာမ်နိုင်ငံတွေကို သိအောင်ပြောချင်တယ်။ အာရပ်ကမ္ဘာနဲ့ရော အနောက်အုပ်စုနဲ့ရောဆက်ဆံရေးကောင်းချင်တယ်။  အမေရိကန်ပြည်ထောင်စုနဲ့ကမ္ဘါကသိအောင် ပြောချင်တယ် ။ ဒါပေမယ့် သူတို့ပြောရင် နိုင်ငံတကာက မယုံမှာစိုးလို့  အစ္စရေး-ကနေဒါ ကပြား လော်ဘီ Ari Ben-Menashe နဲ့ သူ့ အဖွဲ့ Dickens & Madson Canada ကို ပြည်တွင်းမှာ ကသောင်းကနင်း နဲ့ငွေကြေးရှားပါးနေတဲ့အချိန်မှာစျေးကြီးပေးငှားခဲ့ပါတယ် ။စာချုပ်ထဲမှာ အမေရိကန်အစိုးရ၊ အာရပ်စော်ပွားများပြည်ထောင်စု ၊ အစ္စရေး ၊ ရုရှား ၊ နဲ့ U.N ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းတွေကိုစည်းရုံးနားချပေးဖို့ပါပါတယ် ။ ဒါပေမယ့်လက်တွေ့မှာတော့ ရုရှားနဲ့တရုတ်ကလွဲလို့ဘယ်နိုင်ငံကမှ အဲဒိလော်ဘီအဖွဲ့ပြောတာကိုမယုံကြပါဘူး ။ မျှော်လင့်ခဲ့ပေမယ့်မအောင်မြင်တဲ့ ငွေဖြုန်းတီးမှု ဖြစ်ပါတယ် ။ 

(၆) ဝေါ်ကီတော်ကီတွေ့ရှိမှု နှင့်ဒေါ်အောင်ဆန်းစုကြည်အပေါ်တရားစွဲမှု 

ဒေါ်အောင်ဆန်းစုကြည် ကိုဖမ်းဆီးထိမ်းသိမ်းထားကာစက ဘာပုဒ်မ တပ်ရမှန်းမသိ ၊ အပြစ်ကလည်း ရှာလို့မရတော့ ဆက်သွယ်ရေးစကားပြောစက်တွေ ကိုယ်ရံတော်အဖွဲ့မှာတွေ့တယ်ဆိုပြီး သွင်းကုန်ထုတ်ကုန်ဥပဒေ ကောက်တပ်လိုက်တာ ကမ္ဘာ မှာ ရယ်စရာဖြစ်သွားပါတယ် ။ ဝေါ်ကီတော်ကီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုင်တာမဟုတ်ပဲ သူ့ရဲ့လုံခြုံရေးအဖွဲ့ကကိုင်တွယ်အသုံးပြုတာဖြစ်လို့ တရားစွဲရင် လုံခြုံရေးတာ၀န်ယူထားတဲ့ ပြည်ထဲရေး၀န်ကြီး ဌာနကိုသာတရားစွဲရမှာဖြစ်တယ်လို့လဲလူတွေကဝေဖန်ပါတယ် ။ နိုင်ငံတကာမီဒီယာတွေကလည်း ဟာသတစ်ခုအနေနဲ့ရေးကြပါတယ် ။ ကမောက်ကမပုဒ်မတပ်မိသွား တာကို သိပြီးနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်နိုင်ငံရေးအရပိုပြီးသိက္ခာချလို့ရမယ့် ပုဒ်မကြီးတွေတပ်လာတာတွေ့ရပါတယ် ။
(၇)ပြည်တွင်းသတင်းစာရှင်းလင်းပွဲများ 

န၀တ ၊နအဖ စစ်အစိုးရလက်ထက်ကသတင်းစာရှင်းလင်းပွဲတွေမှာတောင်သတင်းထောက်ကို ခြိမ်းချောက်တာ ၊ ငေါက်တာ ၊ ဘာရည်ရွယ်ချက်နဲ့ ဒီမေးခွန်းကိုမေးတာလဲလို့ တုန့်ပြန်တာတွေ မရှိပါဘူး ။ အခု အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာတော့ သတင်းထောက်တွေ သတင်းယူရင်းအဖမ်းခံရတာတွေမနည်းမနောရှိပြီးခုထိမလွတ်ကြသေးပါဘူး ။ သတင်းစာရှင်းလင်းပွဲမှာပြောခွင့်ရသူရဲ့  လမ်းပေါ်ထွက်ဆနပြသူအရေအတွက်ဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၁၅ ပုံတစ်ပုံပဲ ရှိတယ် ဆိုတဲ့ပြောဆိုချက်မျိုး ကြောင့်လမ်းပေါ်ကိုလူတွေပိုထွက်လာပါတယ် ။ အချို့မေးခွန်းတွေကို ဟုတ်တယ်လည်းမပြောဘူး ၊ မဟုတ်ဘူးလည်းမပြောဘူးဆိုတဲ့ဖြေကြားချက်မျိုးဟာ  ဘယ်သု့ကို မှ မထိခိုက်ပဲ သတင်းစာရှင်းလင်းသူတဲ့အဖွဲ့ကိုပဲနာမည်ဆိုးထွက်စေပါတယ် ။ 

(၈) CRPH 

CDMနဲ့ လမ်းပေါ်ထွက်ဆန္ဒပြကြတာ ပြီးရင် အာဏာသိမ်းစစ်ကောင်စီကို အထိခိုက်ဆုံးကိစ္စကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်းလိုက်တာပါပဲ ။ ဒီလိုဖွဲ့မယ်ဆို တာတော့ စစ်တပ်ဘက်က ကြိုတင်တွက်ဆထားပြီးဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် အဲဒိလို တွက်ဆထားတဲ့ကြားကနေ CRPH ဆိုပြီး လွှတ်တော် ပေါ်လာ ၊ အဲဒါ လွှတ်တော်ကိုယ်စားပြုကော်မတီကနေ အစိုးရဖွဲ့ တဲ့အထိဖြစ်လာနိုင်တာကတော့ အာဏာသိမ်း အဖွဲ့အတွက် ကြီးမားတဲ့ထိုးနှက်ချက်ပါပဲ ။ 

(၉) ဒေါက်တာဆာဆာ ၊သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် U.N 

U.N မှာ မြန်မာ့အရေးအစည်းအဝေးလုပ်တော့ အားလုံးက သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီဘက်ကပဲကာကွယ်ပြောဆိုတင်ပြလိမ့်မယ်လို့ထင်ထားခဲ့တာ ၊ တကယ်တမ်းပြောတဲ့အခါကျမှ ရွေးကောက်ခံ အရပ်သားအစိုးရဘက်ကရပ်တည်ပြီးပြတ်ပြတ်သားသားတင်ပြပြောဆိုသွားချက်တွေဟာ စစ်အာဏာသိမ်းအဖွဲ့ကိုအတော် ကို အထိနာစေရုံမက တိုင်းသူပြည်သားတွေကိုယ်တိုင်အံ့သြခဲ့ရပါတယ် ။ ဒေါက်တာ ဆာဆာ ဆိုတဲ့ ချင်းတိုင်းရင်းသားတစ်ယောက် ကို CRPH က ကုလသမဂ္ဂ အထိ အရောက်ပို့ခန့်အပ်နိုင်ခဲ့တာလည်း ထင်မထားတဲ့ အခြေအနေတစ်ခုပါပဲ ။ 

(၁၀ ) လိုတာထက်ပို၍ ပုဒ်မ ၅၀၅ ဖြင့်တရားစွဲဆိုမှုများ 

အရင်ကတော့ နိုင်ငံတော်အကြည်ငြိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ၊ တပ်မတော်ကိုအကြည်ငြိုပျက်စေမှု ၅၀၅(က) ဆိုတဲ့ ပုဒ်မတွေ ဟာ ကြောက်စရာဧရာမပုဒ်မကြီးတွေပါ ။ ဒီပုဒ်မမျိုးဟာ ဗိုလ်ကြီးနေမျိုးဇင်တို့ ၊ ဆရာတော်ဦးသောဘိတ(အလင်္ကာကြယ်)တို့ ၊ ရှေ့နေဦးကြီးမြင့်တို့ ၊ ကိုမင်းကိုနိုင်တို့ ၊ ကိုဂျင်မီတို့ စတဲ့ နိုင်ငံရေးသမားကြီးတွေ ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ကိုသာစွဲဆိုလေ့ရှိတဲ့ ပုဒ်မ မျိုးဖြစ်တာကိုး ။ အခုတော့ ၅၀၅ (က) ဆိုတာတွေဟာ အဆိုတော်ရော ၊ မိတ်ကပ်လိမ်းတဲ့မာမီရော ၊ လူရွှင်တော်ရော ၊ ရုပ်ရှင်မင်းသားရော ၊မော်ဒယ်ဂဲလ်ရော ၊ အလှမယ်ရော ၊  ရုပ်ရှင် ဇာတ်ပို့ဇာတ်ရံရော ၊ ထမင်းချက်ရော ၊ မာလီရော အကုန် တွေ့သမျှ အဲဒိပုဒ်မနဲ့ တပ်တရားစွဲနေတော့ ကြာတော့ ကြောက်စရာမကောင်းပဲ လူရယ်စရာဖြစ်လာတယ် ။မြင်ပါများတော့ရိုးသွားတဲ့သဘောပေါ့ ။  အဲဒါဟာ အမှားဆုံးအချက်ပါပဲ ။  

(၁၁) CNN ကိုလျှော့တွက်မိခြင်း 

တကယ်တော့ စစ်အစိုးရအဆက်ဆက်ဟာ နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ ကင်းကင်းနေလေ့ရှိပါတယ် ။ အခုလို မြန်မာပြည်တွင်းမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်တောင်လာခွင့်မရှိသေးချိန်မှာ CNN သတင်းထောက်နဲ့အဖွဲ့ကိုလာခွင့်ပေးသတင်းယူခွင့်ပြူတယ်ဆိုတာ ဒေါ်လာနှစ်သန်းယူထားတဲ့ လော်ဘီဆရာကြီး Ari Ben-Menashe ရဲ့ အကြံပေးချက်ဖြစ်ပုံရပါတယ် ။ စစ်တပ်ဘက်ကတွက်ပုံက CNN သတင်းထောက်ကိုခေါ်ပြီး သူတို့ပြောချင်တာတွေ ဝါဒဖြန့်လိုက်ရင် ကမ္ဘာ ကိုပေါက်ရောက်သွားမယ်လို့ လွယ်လွယ်တွေးထင်ပုံရပါတယ် ။ ဒီလိုထင်လို့လည်း စစ်ကားခြောက်စီးခြံရံပြီး သူတို့ ကြည့်စေချင်တဲ့နေရာတွေလျှောက်ပြပါတယ် ။ ဟိုတယ်မှာ ထားရင် ဟိုလူသည်လူတွေ လာတွေ့ပြီးသတင်းပေးမှာစိုးလို့ တပ်ဧည့်ရိပ်သာမှာထားလိုက်ပါတယ် ။ မီးလောင်ပြီးကာစ Gandamar Wholesale ကုန်တိုက်တွေဘာတွေတောင် လိုက်ပြပါတယ် ။ ဆန္ဒပြ ဆူပူသူတွေ အကြမ်းဖက်တာ ရမ်းကားတာတွေကိုလည်း အကြိမ်ကြိမ် ရှင်းပြပါတယ် ။ ဒါပေမယ့် CNN ကတကယ်တမ်းလည်း သတင်းလွှင့်ရော မင်္ဂလာဒုံစျေးနဲ့ ၁၀ မိုင်စျေးမှာ CNN ကို လာစကားပြောတဲ့သူတွေအဖမ်းခံရတာ ၊ ပြည်သူလူထု ၅၅၀ ကျော်သေဆုံးတာ ၊ ထောင်နဲ့ချီပြီးအဖမ်းခံရတာ ၊ သူလွတ်လွတ်လပ်လပ်သတင်းယူခွင့်မရှိတာ ၊ ၂၀၂၀ နို၀င်ဘာရွေးကောက်ပွဲ မှာ NLD အပြတ်အသတ်နိုင်ပြီးစစ်တပ်ထောက်ခံတဲ့ ပါတီ အရှက်တကွဲ ရှုံးနိမ့်တာ၊ ရွေးကောက်ပွဲကိုလာရောက်စောင့်ကြည့်လေ့လာသူ နိုင်ငံတကာအကဲခတ်တွေက မဲမသမာမှု မရှိဘူး လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ပြောကြတာ တွေကို အားရပါးရ ထုတ်လွှင့်တော့တာပဲ ။ ဒါတင်မက ဒုတိယအကြိမ် CNN live ထုတ်လွှင့်မှုမှာ လူငယ်သုံးယောက်ဆိုင်ကယ်စီးလာတာကို လုံခြုံရေးတပ်ဖွဲ့၀င်တစ်ယောက်က ကားပေါ်ကနေ အသေအချာချိန်ပြီးသေနတ်နဲ့ပစ်လိုက်ပုံ CCTV မှတ်တမ်းကိုပြပြီး ( ကမ္ဘာ ကိုလည်းပြပါတယ် )  အဲဒိ ၁၇ နှစ်သားလူငယ်ဟာ စစ်ကောင်စီ မီဒီယာကကြေငြာသလို ဆိုင်ကယ်မှောက်ပြီးဦးနှောက်ကိုထိခိုက်လို့သေတာမဟုတ်ဘူး ၊ သွေးအေးအေးနဲ့ပစ်သတ်ခံရတာ အဲဒိကိစ္စကို ရှင်းပြနိုင်မလား လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကိုမေးမြန်းပုံတွေကို ထုတ်လွှင့်ပြသခဲ့ပါတယ် ။ ပြောရရင် CNN ကိုခေါ်ပြီး ဝါဒဖြန့်ဖို့ကြိုးစားတဲ့ပွဲမှာ တပ်ဘက်က ထင်သလိုမဖြစ်ခဲ့ဘူးလို့ဆိုရမှာပါ ။ 

 အဲဒါတွေကတော့ စာရေးသူတွေ့မြင်သတိထားမိလေသမျှ စစ်ကောင်စီရဲ့မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့လေတဲ့အချက်အချို့ဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်) 
၇.၄.၂၀၂၁

No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...